ဘင်ဂျမင် ဖရန်ကလင်
ဘင်ဂျမင် ဖရန်ကလင် | |
---|---|
![]() ပုံတူပန်းချီ | |
ဆဌမမြောက် ပန်ဆယ်ဗေးနီးယားပြည်နယ် အမှုဆောင်ကောင်စီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း အောက်တိုဘာ ၁၈၊ ၁၇၈၅ – နိုဝင်ဘာ ၅, ၁၇၈၈ | |
ဒုတိယ သမ္မတ | |
ယခင်လူ | en:John Dickinson |
ဆက်ခံသူ | en:Thomas Mifflin |
ဆွီဒင်နိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း စက်တင်ဘာ ၂၈၊ ၁၇၈၂ – ဧပြီ ၃၊ ၁၇၈၃ | |
ခန့်အပ်သူ | en:Congress of the Confederation |
ယခင်လူ | ရာထူးနေရာအသစ် |
ဆက်ခံသူ | en:Jonathan Russell |
ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း မတ် ၂၃၊ ၁၇၇၉ – မေ ၁၇၊ ၁၇၈၅ | |
ခန့်အပ်သူ | en:Continental Congress |
ယခင်လူ | ရာထူးနေရာအသစ် |
ဆက်ခံသူ | သောမတ်စ် ဂျက်ဖာဆင် |
ပထမ အမေရိကန်ပြည်ထောင်စု စာတိုက်မင်းကြီး | |
တာဝန်သက်တမ်း ဇူလိုင် ၂၆၊ ၁၇၇၅ – နိုဝင်ဘာ ၇၊ ၁၇၇၆ | |
ယခင်လူ | ရာထူးနေရာအသစ် |
ဆက်ခံသူ | en:Richard Bache |
Delegate from Pennsylvania to the Second Continental Congress | |
တာဝန်သက်တမ်း မေ ၁၇၇၅ – အောက်တိုဘာ ၁၇၇၆ | |
ဗြိတိသျှအမေရိကစာတိုက်မင်းကြီး | |
တာဝန်သက်တမ်း ဩဂုတ် ၁၀၊ ၁၇၅၃ – ဇန်နဝါရီ ၃၁၊ ၁၇၇၄ | |
ယခင်လူ | ရာထူးနေရာအသစ် |
ဆက်ခံသူ | လစ်လပ် |
ပန်ဆယ်ဗေးနီးယားညီလာခံ၏ ပြောရေးဆိုခွင့်ရှိသူ | |
တာဝန်သက်တမ်း မေ ၁၇၆၄ – အောက်တိုဘာ ၁၇၆၄ | |
ယခင်လူ | Isaac Norris |
ဆက်ခံသူ | Isaac Norris |
ပထမ ပန်ဆယ်ဗေးနီးယားတက္ကသိုလ် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁၇၄၉ – ၁၇၅၄ | |
ဆက်ခံသူ | William Smith |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဇန်နဝါရီ ၁၇၊ ၁၇၀၆ [O.S. ဇန်နဝါရီ ၆၊ ၁၇၀၅][မှတ်စု ၁] ဘော့စတွန်မြို့၊ မက်ဆာချူးဆက်၊ အင်္ဂလိပ်အမေရိက |
ကွယ်လွန် | ဧပြီ ၁၇၊ ၁၇၉၀ ဖီလာဒဲလ်ဖီးယားမြို့၊ ပန်ဆယ်ဗေးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု | (အသက် ၈၄)
သင်္ဂြိုဟ်ရာနေရာ | en:Christ Church Burial Ground, Philadelphia |
နိုင်ငံရေးပါတီ | တသီးပုဂ္ဂလ |
ကြင်ဖော်(များ) | en:Deborah Read (လက်ထပ် ၁၇၃၀; died 1774) |
သားသမီး | |
မိဘ | |
ပညာရေး | en:Boston Latin School |
လက်မှတ် | ![]() |
ဘင်ဂျမင် ဖရန်ကလင် (အင်္ဂလိပ်: Benjamin Franklin; ဇန်နဝါရီ ၁၇၊ ၁၇၀၆ [O.S. ဇန်နဝါရီ ၆၊ ၁၇၀၅][မှတ်စု ၁] – ဧပြီ ၁၇၊ ၁၇၉၀) သည် အမေရိကန် စွယ်စုံပညာရှင်တစ်ဦးဖြစ်သည်။ ပုံနှိပ်လုပ်ငန်းရှင်အဖြစ်ဖြင့်လည်းကောင်း၊ စာရေးဆရာအဖြစ်လည်းကောင်း၊ သိပ္ပံပညာရှင်အဖြစ်လည်းကောင်း၊ သတင်းစာဆရာအဖြစ်လည်းကောင်း၊ ယထာဘူတ ကဝိအဖြစ်လည်းကောင်း၊ နိုင်ငံပြု သုခမိန်တစ်ဦးအဖြစ်လည်းကောင်း၊ သံတမန်အဖြစ်လည်းကောင်း အမေရိကန်ပြည်ထောင်စုတွင် ကျော်စောထင်ရှားခဲ့သည်။ ဘင်ဂျမင် ဖရန်ကလင်သည် မက်ဆာချူးဆက်နယ်၊ ဘော့စတွန်မြို့၌ ခရစ်နှစ် ၁၇၀၆ ခု ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖွားမြင်သည်။ ဘင်ဂျမင်မှာ မောင်နှမ ၁၇ ယောက်ရှိ၍ သူသည် ၁၅ ယောက်မြောက်သားဖြစ်သည်။ ဖခင်ဖြစ်သူသည် ဖယောင်းတိုင်နှင့် ဆပ်ပြာချက်လုပ် ရောင်းချသူဖြစ်၍ ငွေကြေးမတောင့်တင်းရှာချေ။ ဘင်ဂျမင်သည် ၈ နှစ်သားအရွယ်တွင် ကျောင်းစ၍နေသည်။ ဖခင်ဖြစ်သူသည် သားငယ်ကိုပညာကောင်းစွာသင်၍ သာသနာဖက်တွင် အမှုထမ်းစေလိုသော်လည်း၊ ကျောင်းထား၍ နှစ်နှစ်မျှမပြည့်မီ ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းမှထုတ်လိုက်ရ၏။ ထို့နောက် သူ့ဖခင်၏ ဖယောင်းတိုင်စက်ရုံတွင် ဝင်၍အလုပ်လုပ်ရ၏။ ဘင်ဂျမင်သည် ဖယောင်းတိုင်လုပ်ငန်း၍ ဝါသနာမပါ၊ ရေကူးခြင်း၊ လှေလှော်ခြင်းတို့ဖြင့်သာ ပျော်ပျော်နေလိုသည်။ သူသည် သင်္ဘောသားလုပ်လိုသော ဆန္ဒရှိ၏။ သို့ရာတွင် ဖခင်ဖြစ်သူက သူ့သား သင်္ဘောနှင့်လိုက်သွားမည်ကို စိုးရိမ်၍၊ သူ၏ အစ်ကိုကြီး ဂျိမ်းထံတွင် စာပုံနှိပ်တိုက်လုပ်ငန်းကို သင်စေ၏။ ထိုအချိန်တွင် ဘင်ဂျမင်မှာ အသက် ၁၂ နှစ်ရှိလေပြီ။
ပုံနှိပ်စက်အလုပ်ကို အနည်းငယ်နားလည်၍ ဝင်ငွေမှန်လာသောအခါ ဘင်ဂျမင်သည် ငွေကြေးစုဆောင်းမိရန် အလွန်ချွေတာသုံးစွဲ၏။ အစားအသောက်၌ပင် အသားကိုမစားတော့ဘဲ၊ အသီးအရွက်ဖြင့်သာ တင်းတိမ်လိုက်လေသည်။ သူစု၍ ရသမျှငွကြေးဖြင့် စာအုပ်ဝယ်၍ဖတ်၏။ ထိုစဉ်က အလွန်ရှားပါးသေးသော ရော်ဗင်ဆန် ကရူးဆိုး၊ ပီးလရင်း ပရိုးဂရက် စသော စာအုပ်များကို စိတ်ဝင်စားစွာ ဖတ်ခဲ့၏။ ယင်းသို့ စာအုပ်များ ဖတ်ရင်း ဂဏန်းသင်္ချာ၊ သဒ္ဒါ စသော ကျောင်းပညာရပ်များအပြင် ရေကြောင်းအတတ်ကိုလည်း ဝါသနာအလျှောက် သင်ကြားသေးသည်။ တခါတရံ စပက်တေးတား ခေါ် အင်္ဂလိပ်သတင်းစာစောင်၌ ပါသော ပုံဝတ္တုများကို ဖတ်ပြီးသော်၊ သူ့ဘာသာသူ ထိုပုံဝတ္တုများကို ပြန်ရေးခြင်းဖြင့်၊ စကားပြေအရေးအသား တိုးတက်အောင် လေ့လာ၏။ ဝေါဟာရစကား ကြွယ်ဝအောင် စကားပြေပုံပြင်များကို ကဗျာအဖြစ်သို့ ရေးစီ၍၊ ကဗျာများကိုလည်း စကာပြေ ပြန်ကြည့်၏။
စာပေအရေးအသား အတော်တိုးတက်ကောင်းမွန်လာသောအခါ ဘင်ဂျမင်သည် မိမိကိုယ်တိုင်စာရေး၍ သတင်းစာ၌ထည့်သွင်းလိုသော ဆန္ဒဖြစ်လာ၏။ သို့ရာတွင် အစ်ကိုဖြစ်သူ ဂျိမ်းက ဆူပူမည်စိုးသဖြင့် တိတ်တိတ်ခိုးကာ၊ သူ့နာမည်ကို ဝှက်ပြီးလျှင် စာရေးလေ၏။ နောင်အခါ၌ ဂျိမ်းသိသွားသဖြင့် ဘင်ဂျမင်အား ဆူပူကြိမ်းမောင်းသောကြောင့် ညီအစ်ကို ရန်ဖြစ်ကာ ဘင်ဂျမင်သည် ဖီလာဒဲလ်ဖီးယားမြို့သို့ ထွက်ပြေးသည်။ ထိုအခါ၌ အသက် ၁၇ နှစ်သာရှိသေး၏။ အသိမိတ်ဆွေ၊ ငွေကြေး ဘာမျှမရှိဘဲ စွန့်စားစွာနေခဲ့ရ၏။ နောက်မကြာမီပင် စာပုံနှိပ်စက်တစ်ခု၌ အလုပ်ရ၏။
အသက်၂၃ နှစ်တွင် ဘင်ဂျမင်သည် စာပုံနှိပ်စက်တစ်ခုကို ပိုင်၍ "ပန်ဆယ်ဗေးနီးယား ဂေဇက်" ဟူသော စာစောင်တစ်ခုကို ထုတ်ဝေသည်။ ထိုမှစ၍ နှစ်ပေါင်း နှစ်ဆယ်ကြာမျှ အမေရိကန်ပြည်၏ ခေါင်းဆောင်သတင်းစာဆရာကြီးတစ်ဦးဖြစ်လာသည်။ ထို့ပြင် ဘင်ဂျမင်သည် ၂၅ နှစ်မျှ အဆက်မပြတ် "ဆင်းရဲသား ရစ်ချတ်၏ပြက္ခဒိန်" ဟူသော ပြက္ခဒိန်ကို တစ်နှစ်တစ်ကြိမ် ထုတ်ဝေခဲ့ရာ သူ၏နာမည်သည် အမေရိကန်တစ်နိုင်ငံလုံး မသိသူမရှိလောက်အောင် ကျော်ကြားလာလေသည်။
ဘင်ဂျမင် ဖရန်ကလင်သည် သတင်းစာဆရာနှင့် စာအုပ်ထုတ်ဝေသူအဖြစ်ဖြင့် နာမည်ကျော်ကြား၍ ဥစ္စာပစ္စည်းကြွယ်ဝအောင် ကြိုးစားနေရင်းပင် ဖီလာဒဲလ်ဖီးယားမြို့ကို အဖက်ဖက်မှ တိုးတက်အောင် ဆောင်ရွက်ခဲ့၏။ အမေရိကန် ယထာဘူတ အသင်း၊ အမေရိကန် ပိဋကတ်တိုက်၊ မီးအာမခံကုမ္ပဏီ၊ ပန်ဆယ်ဗေးနီးယားဆေးရုံ၊ ပန်ဆယ်ဗေးနီးယား ပညာ့တံခွန်အသင်း စသည်တို့ကို ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ပညာ့တံခွန်အသင်းသည် နောင်အခါ၌ ပန်ဆယ်ဗေးနီးယားတက္ကသိုလ် ဖြစ်လာ၏။ ဘင်ဂျမင်၏ လုံ့လ ဝီရိယကြောင့် ဖီလာဒဲလ်ဖီးယားမြို့သည် အမေရိကန်ပြည်ထောင်စုတွင် အကောင်းဆုံး၊ အတိုးတက်ဆုံးမြို့ဖြစ်လာ၏။ ဤမျှမနားမနေ မြို့နယ်အကျိုးကို သယ်ပိုးဆောင်ရွက်နေရသော်လည်း သူ့ပညာရေးကား ယုတ်လျော့ခြင်းမရှိ၊ ဘာသာခြားစာပေများကို သင်ယူ၍ ဘာသာခြားစာအုပ်များကို ဖတ်ရှုလေ့လာ၏။
၁၇၄၇ ခုနှစ်မှစ၍ ဘင်ဂျမင် ဖရန်ကလင်သည် နိုင်ငံခြားတွင် မိမိ၏တိုင်းပြည်ရေးကိစ္စများကို ဆောင်ရွက်ခဲ့လေသည်။ ဤအထဲတွင် မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားမှာ အတူတူပင်ဖြစ်ကြောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့လေသည်။ ထို့ပြင် အမေရိကန်ကိုလိုနီများ၏ သံတမန်ကြီးအဖြစ်ဖြင့် နိုင်ငံခြားသို့ သွားရောက်ခဲ့ရ၏။ ပြည်တွင်းရေး၌ကား တံဆိပ်ခေါင်းဥပဒေကို ပြန်လည်ရုပ်သိမ်းစေရန် ဆောင်ရွက်၍ အင်္ဂလန်နှင့် အမေရိကန်ကိုလိုနီများ မကွဲပြားရန် ကြိုးစားခဲ့လေသည်။ ထိုအခါကသာ ဖရန်ကလင်၏ အကြံဉာဏ်ကို အင်္ဂလိပ်အစိုးရက လက်ခံခဲ့ပါလျှင် အမေရိကန်လွတ်လပ်ရေးစစ်ပွဲ ဖြစ်ပွားလိမ့်မည်မဟုတ်ဟု ထိုခေတ်ကကျော်ကြားသော နိုင်ငံခေါင်းဆောင်ကြီးတစ်ဦးက ပြောဆိုခဲ့ဖူးသည်။
ဘင်ဂျမင် ဖရန်ကလင်သည် အမေရိကန်လွတ်လပ်ရေးစစ်ပွဲပြီးသောအခါ လွတ်လပ်ရေးကြေညာစာတမ်းကို ရေးဆွဲပေးခဲ့သည်။ ထို့ပြင် စာတိုက်မင်းကြီးအဖြစ် ရသမျှသော လခ အားလုံးကို လူနာစစ်သားများအတွက် လှူဒါန်းလေသည်။ ၁၇၇၆ ခုနှစ်တွင် တစ်ဖန် ပြင်သစ်နိုင်ငံသို့လာ၍ အမေရိကန်လွတ်လပ်ရေးစစ်ပွဲအတွက် အကူအညီရရန် ကြိုးစားဆောင်ရွက်ရလေသည်။ ဆောင်ရွက်သည့်အတိုင်းပင် အောင်မြင်ခဲ့သည်။
၁၇၈၅ ခုတွင် ဘင်ဂျမင် ဖရန်ကလင်သည် အသက် ၈၀ ရှိလေပြီ။ သို့ရာတွင် နိုင်ငံရေးကို ဆောင်ရွက်ဆဲဖြစ်၏။ ၁၇၈၅ ခုအထိ ပန်ဆယ်ဗေးနီးယားပြည်နယ် အမှုဆောင်ကောင်စီ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့၏။ ဘင်ဂျမင်သည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးတွင် အရေးကြီးသော ကိစ္စ ၄ ရပ်အတွက် လက်မှတ်ရေးထိုးရသူဖြစ်သည်။ ယင်းတို့မှာ -
- လွတ်လပ်ရေးကြေညာစာတမ်း
- မဟာမိတ်စစ်စာချုပ်
- ငြိမ်းချမ်းရေးစာချုပ်
- ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
တို့ဖြစ်သည်။ သူနောက်ဆုံး ထမ်းဆောင်သွားသော ရာထူးမှာ ပန်ဆယ်ဗေးနီးယားပြည်နယ်ဆိုင်ရာ ကျွန်စနစ်ဖျက်သိမ်းရေးအသင်း ဥက္ကဋ္ဌ ရာထူးဖြစ်လေသည်။
ဘင်ဂျမင် ဖရန်ကလင်သည် မိမိ၏အတ္ထုပ္ပတ္တိကို ကိုယ်တိုင်ရေးသားခဲ့လေသည်။ ထိုစာစောင်မှာ သူ၏တသက်တာတွင် အနှစ် ၅၀ မျှအတွင်း အဖြစ်အပျက်များဖြစ်၍ စာအဖြစ်နှင့်သာမက လူတစ်ဦး၏ သမိုင်းအဖြစ်နှင့်လည်း ပြိုင်ဖက်မရှိ ကောင်းမွန်လေသည်။ ဘင်ဂျမင် ဖရန်ကလင်သည် ၁၇၉၀ ပြည့်နှစ်တွင် ကွယ်လွန်လေသည်။[၃]

ရှင်းလင်းချက် မှတ်စုများ
ကိုးကား
- ↑ Mulford၊ Carla, ed. (2009)။ The Cambridge Companion to Benjamin Franklin။ Cambridge University Press။ p. xiv။ ISBN 9781139828123။
- ↑ Wood၊ Gordon S. (2005)။ The Americanization of Benjamin Franklin။ Penguin Press။ p. 17။ ISBN 9780143035282။
- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၆၃)။ "ဖရန်ကလင်ဗင်ဂျမင်(ခရစ် ၁၇၀၆-၁၇၉၀)"။ မြန်မာ့စွယ်စုံကျမ်း။ ၇ (ပထမအကြိမ် ed.)။ စာပေဗိမာန်၊ ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ pp. ၂၀၆၊ ၂၀၇။