ရှစ်ပါးသီလ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
သမိုင်း |
ဗုဒ္ဓဘာသာ ကျမ်းစာများ |
Traditions |
ရှစ်ပါးသီလဟူသည်မှာ အဋ္ဌင်္ဂဥပုသ်သီလပင် ဖြစ်ပါသည်။
ငါးပါးသီလကို ပြဆိုရာ၌ ပဉ္စဟူ၍သာ ပြဆိုသကဲ့သို့၎င်း၊ ဆယ်ပါးသီလကို ပြဆိုရာ၌ ဒသဟူ၍သာ ပြဆိုသကဲ့သို့၎င်း၊ ရှစ်ပါးသီလကို ပြဆိုရာ၌ကား အဋ္ဌဟူ၍သာ မဆိုပဲ (ဥပေါသထင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟူ၍ အဘယ့်ကြောင့် အထူး ထည့်သွင်းပြဆိုပါသနည်းဟု မေးဖွယ်ရှိ၏။[၁]
ဥပေါသထသဒ္ဒါက
(၁) ရဟန်းတို့၏ ပါတိမောက် ရွတ်ဆိုခြင်း အနက်၊
(၂) ခေါ်ဝေါ်လွယ်ရန် မှည့်ထားသော အမည်ဟူသော အနက်၊
(၃) ကျင့်သုံးခြင်းဟူသော အနက်၊
(၄) ကျင့်သုံးအပ်သည့် သီလဟူသော အနက်၊
(၅) သီလကျင့်သုံးရာ နေ့ဟူသော အနက်-
ဤအနက်ငါးပါးတို့၌ ဖြစ်ရှိရာ ပဌမအနက်မှာ ရဟန်းတော်များနှင့်သာ သက်ဆိုင်၍ ဒုတိယအနက်မှာ ဥပေါသထမင်းသား ဥပေါသထဆင်မင်း စသည်ဖြင့် ခေါ်ဝေါ်ရန်အမည်ကို ပြခြင်းမျှဖြစ်၍ ဤသီလအခဏ်းနှင့် မသက်ဆိုင်။ နောက်အနက်သုံးပါးသာ ဤသီလခဏ်းနှင့် သက်ဆိုင်၏။[၁]
သီလနှင့် ပြည့်စုံစေ၍ နေရာနေ့
ထို နောက်အနက် သုံးပါးတို့တွင် (ပါဠိလို) ဥပဝါသ= (မြန်မာလို) ကျင့်သုံးခြင်းဟူသော အနက်မှာ ပြည့်စုံစေ၍ နေခြင်းပင်ဖြစ်၏။ သိက္ခာပုဒ်တို့ကို ပြည့်စုံစေ၍ နေခြင်းဟု ဆိုလိုသည်။ ကျင့်သုံးအပ်သော သီလဟူသော စတုတ္ထအနက်မှာလည်း ပြည့်စုံစေ၍ နေအပ်သော သီလဟု ဆိုလိုသည်၊ သီလကျင့်သုံးရာနေ့ဟူသော ပဉ္စမအနက်မှာလည်း သီလနှင့်ပြည့်စုံစေ၍ နေရာနေ့ဟု ဆိုလိုသည်၊ ထိုနေ့ကိုပင် ဥပေါသထနေ့ (ဥပုသ်နေ့)ဟူ၍ ခေါ်သည်။[၁]
နေ့ အထူးသတ်မှတ်၍ ကျင့်သုံးကြ
ငါးပါးသီလနှင့် ဆယ်ပါးသီလတို့မှာ ရှေးရှေး သူတော်ကောင်းတို့က နေ့အထူး သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့မရှိကြပဲ ဤရှစ်ပါးသီလကိုသာ နေ့အထူး သတ်မှတ်ပိုင်းခြား၍ ကျင့်သုံးလေ့ ရှိကြသောကြောင့် ဤရှစ်ပါးသီလ၌သာ (ဥပေါသထေင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟူ၍ အထူးထည့်သွင်း ပြဆိုသည်ဟု မှဟ်ယူရာ၏။[၁]
လူတို့နှင့် သင့်တော်သော သီလ
စဉ်းစားဖွယ်ရှိပြန်သည်မှာ.. ငါးပါးသီလမှာ သိက္ခာပုဒ် အရေအတွက်အားဖြင့် ရှစ်ပါးသီလကို မမှီပဲ နေ့စဉ်အမြဲ ကျင့်သုံးအပ်သော သီလဖြစ်၍ ရှေးသူတော်ကောင်းများက အထူးသတ်မှတ်မှု မပြုသော် သင့်တန်စေ၊ ဆယ်ပါးသီလမှာကား ရှစ်ပါးသီလထက် မြင့်သည်ဖြစ်၍ ရှေးသူတော်ကောင်းတို့ နေ့ထူး သတ်မှတ်သင့်ပါလျက် အဘယ့်ကြောင့် မသတ်မှတ်ကြပါသနည်းဟု စဉ်းစားဖွယ်ရှိပြန်၏။ သင့်လျော်သော အကြောင်းကို ရှာသော်ကား ရှစ်ပါးသီလသည် လူတို့နှင့် အထူးသင့်လျော်သော သီလဖြစ်၏။ [၁]
=ဆယ်ပါးသီလနှင့် ကွာခြားချက်
ဆယ်ပါးသီလမှာ လူတို့နှင့် အထူးသင့်လျော် သက်ဆိုင်သော သီလမဟုတ်ချေ။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဆယ်ပါးသီလသည် သာမဏေယောက်ျား သာမဏေမိန်းမတို့၏ သီလဖြစ်ကြောင်း ပြဆိုချက်နှင့် ခုဒ္ဒကပါဌအဋ္ဌကထာ၌.. ဆယ်ပါးသီလတွင် နောက်ဆုံးဖြစ်သော ဇာတရူပသိက္ခာပုဒ်သည် သာမဏေတို့၏ ထူးခြားသော သိက္ခာပုဒ်ဖြစ်ကြောင်း ဖွင့်ပြချက်တို့ကို ထောက်ဆသဖြင့် ဆယ်ပါးသီလသည် အထူးသဖြင့် သာမဏေတို့၏ သီလဖြစ်ကြောင်း ထင်ရှားလှပေ၏။ သို့ဖြစ်၍ ရှေးပညာရှိ သူတော်ကောင်းတို့သည် မိမိတို့နှင့် အထူး
သက်ဆိုင်သော သီလနှစ်မျိုးတို့အနက် အထက်တန်းဖြစ်၍ နေ့ရက်အထူး သတ်မှတ်ကာ စောင့်သုံးအပ်သော ရှစ်ပါးသီလကိုသာ ဥပေါသထဟု ခေါ်ဆိုရ၍ ထိုရှစ်ပါးသီလကိုသာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ (ဥပေါသထင်္ဂဝသေန= ဥပုသ်အင်္ဂါ၏ အစွမ်းဖြင့်)ဟု အထူး မိန့်ဆိုတော်မူသည်။
သူတော်ကောင်းတို့သည် သီလမှု တခုတည်းဖြင့်သာ တင်းတိမ်အားရ၍ မနေကြပဲ ဒါနကောင်းမှုကိုလည်း ပြုလိုကြသဖြင့် ထိုဒါနမှုကို ကောင်းစွာပြုနိုင်ရန် ဇာတရူပ သိက္ခာပုဒ်ကို မစောင့်သုံးနိုင်ပဲ ရှိကြရလေသည်။ ဇာတရူပ သိက္ခာပုဒ်ကို စောင့်သုံးပါက လှူဘွယ်ဝတ္ထုကို ရှာမှီးခြင်း ဝယ်ယူခြင်း ကိစ္စများကို ပြည့်စုံအောင် မပြုနိုင်ပေ။ ထို့ကြောင့် ရှေးသူဟောင်းတို့သည် ရှစ်ပါးသီလကိုသာ နေ့ရက်အထူး သတ်မှတ်ကာ စောင့်သုံးကြကြောင်း ကောင်းစွာ မှတ်ယူရာ၏။[၁]
ရှစ်ပါးသီလ (ဝါ) အဋ္ဌင်္ဂသီလ
(၁) ပါဏာတိပါတာ ဝေရမဏိ၊
- (သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲရှောင်ကြဉ်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း)
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
- (သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
(၃) အဗြဟ္မစရိယာ ဝေရမဏိ၊
- (မကောင်းသော မြင့်မြတ်မှုမရှိသော ကာမဂုဏ်သားတို့၏ အလေ့အထ အကျင့်များမပြုကျင့်ပဲ စောင့်ထိန်းခြင်း)
(၄) မုသာဝါဒါဝေရမဏိ၊
- (မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း)
(၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
- (မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ သုံးစွဲခြင်းမပြုပဲရှောင်ကြဉ်ခြင်း)
(၆) ဝိကာလဘောဇနာ ဝေရမဏိ၊
- (အချိန်ကာလမဟုတ်သော အဟာရကိုမသုံးဆောင်ပဲ၊ နေ့လွဲ ညစာ မစားသုံးပဲရှောင်ကြဉ်စောင့်ထိန်းခြင်း)
(၇) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓါရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ၊
- (ဂီတ၌ပျော်ရွှင်နေခြင်း၊ ပန်းရနံ့များအပေါ်သာယာနေမိခြင်း၊ သီဆို ကခုန်ခြင်း စသောအမှုများတို့ကိုပြုမူချိုးဖေါက်မိခြင်းမရှိရန်စောင့်ထိန်းခြင်း)
(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
- (တန်ဘိုးကြီးလွန်းသောအသုံးအဆောင်များသုံးစွဲခြင်း၊ မြင့်လွန်းမြတ်လွန်းသော အိပ်ယာနေရာထိုင်ခင်းစသည်ဖြင့် သုံးစွဲခြင်း တစ်တောင်အတိုင်းအတာထက်မြင့်သော ကုတင်တွင် အိပ်စက်ခြင်းစသည်တို့ မပြုပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
ဥပုသ်စောင့်ပုံ အစီအစဉ်ကို ဤ၌ ကြည့်ပါ။
အင်္ဂုတ္တရပါဠိတော် ၇၉။ ဋ္ဌ။ ၂၃၃-၌အကျယ်ရှုရန်။