ဗေဒင်
မြန်မာ့ရိုးရာဗေဒင်ပညာ
အခေါ်အဝေါ်
ဗေဒင်ဟူသည်မှာ မာဂဓ(ပါဠိ)ဝေဒ (သင်္သကရိုဋ်ဘာသာ ဟိန္ဒူနဂရီဗေဒ)= သိခြင်း နှင့် အင်္ဂ-အင်္ဂါ = ဖြစ်ခြင်း တို့ ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့် ဝေဒင်္ဂမှ ဆင်းသက်လာသည်။ ဝေဒင်္ဂသဒ္ဒါသည် ဗေဒ၏ အင်္ဂါဖြစ်သော ကျမ်းကို ဆိုရာ၊ ယင်းတွင် သိက္ခာ၊ ကပ္ပ၊ ဗျာကရဏ၊ ဆန္ဒ၊ ဇောတိသတ္ထ၊ နိရုတ္တိကျမ်းများ ပါဝင်သည်။ ဝေဒင်္ဂမှ သင်္သကရိုဋ်ဘာသာသို့ ရွေ့လျော၍ ဗေဒင်္ဂ ဖြစ်လာသည်။ ဗေဒင်္ဂမှ မြန်မာဘာသာဖြင့် ဗေဒင်ဟူသော ဝေါဟာရ ဖြစ်လာသည်။ ဝေဒင်္ဂတွင် ပါဝင်သော ဇောတိသတ္တကား ဗေဒင်ပညာပင် ဖြစ်လေသည်။ ဝေဒ-ဗေဒသဒ္ဒါသည် သိခြင်းအနက်ကို ဆိုသောကြောင့် ဗေဒင်ပညာဖြင့် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် အကျိုးအပြစ်တို့ကို သိနိုင်သည်ဟု ရှေးအခါကပင် ယုံကြည်ရင်းစွဲ ရှိခဲ့သည်။ သာမ-ယဇု၊ဣရု ဟူ၍ ဗေဒ ၃ ပုံ ရှိသည်တွင် အထဗ္ဗနကို ထည့်သွင်းလျက် ဗေဒင် ၄ ပုံဟု ရေ:သား ပြောဆိုလေ့ ရှိကြရာ၊ အမှန်စင်စစ်အားဖြင့် ဗေဒ ၄ ပုံမှာ ဟိန္ဒူလူမျိုးတို့၏ စာပေများသာ ဖြစ်ကြလေသည်။ ဤဗေဒင်ပညာသည် အလွန်ရှေးကျသော ကယ်လဒီးယား၊ ဗက်ဗီလုံးနီးယား၊ အီဂျစ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများတွင် ထွန်းကားပေါ်ပေါက်လာခဲ့ရာ၊ အဘယ်မျှ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီဟု မည်သူမျှ အတတ်မပြောနိုင်ချေ။ မည်သည့်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သည်ဟူ၍လည်း အထောက်အထား မပြနိုင်ကြချေ။ အဆိုပါနိုင်ငံများတွင် ခေတ်ကာလ အလျောက် ပညာရှင်များသည် ကောင်းကင်ရှိ ဂြိုဟ်နက္ခတ်တာရာတို့ကို အခြေပြု၍ တီထွင်ပေါ်လာသော ပညာတရပ် ဖြစ်သည်ဟု ယူဆ ယုံကြည်ကြသည်။ ဗေဒင်ပညာသည် ရှေးဟောင်း အိန္ဒိယနိုင်ငံ၏ အာရိယန်လူမျိုးတို့မှ ပေါက်ဖွားဆင်းသက်လာသည်ဟု အဆိုရှိသည်။ ဘီစီ ၃၅၆ ခုနှစ် အယ်လက်ဇန္ဒာ-သ-ဂရိတ်လက်ထက်တွင် ကယ်လဒီးယန်း လူမျိုးတို့၏ ကြေညာချက်အရ မိမိတို့၏ ဗေဒင်ပညာသည် အတိတ် နှစ်ပေါင်း ၄၇၃,၀၄၀ ကပင်ရှိသည်ဟု သိရသည်။ မည်သို့ပင် ဖြစ်စေ၊ နှစ်ပရိစ္ဆေဒကို အတိအကျ မခန့်မှန်းသော အချိန်ကာလ ကပင် ဗေဒင်ပညာ စတင်ပေါ်ပေါက်ခဲ့ခြင်းကို မူကားမငြင်းသာချေ။ ဆေးပညာနှင့် အခြား လောကီပညာရပ်များကဲ့သို့ပင် ဗေဒင်ပညာသည်လည်း ရှေးမဆွကပင် ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဗေဒင်ပညာသည်လည်း အိန္ဒိယမှ ဆင်းသက်လာခဲ့သည်ကို သမိုင်းအရ သိရ သိနိုင်ပေသည်။
နိုင်ငံရပ်ခြား ဗေဒင်ပညာသမိုင်း
အိန္ဒိယနိုင်ငံနှင့် ၎င်း၏ ဗေဒင်ပညာ
ဘီစီ ၆၅၀ဝ မှစ၍ နက္ခတ္တဗေဒ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း အိန္ဒိယတွင် ခိုင်မာသော အထောက်အထားများ တွေ့ရသည်။ စစ်မှန်သည်ဟု ယူဆရသော ဘီစီ ၃၇၀ဝ ခန့်မှပြုစုခဲ့သည့် ကျမ်းများလည်း တွေ့ရသည်။ မူရင်းကျမ်းများမှာ ပျက်စီး၊ ပျောက်ဆုံးကုန်သော်လည်း နက္ခတ်ဗေဒင် ပညာရှင်များက အဆက်ဆက်ကူးယူ ထိန်းသိမ်းခဲ့ကြသည်။ ယင်းကျမ်းဂန်များကို အိန္ဒိယပြည်နယ်များရှိ စာကြည့်တိုက်များတွင် တွေ့နိုင်သည်။ ဘီစီ ၆၅၀ဝ မှစ၍ နက္ခတ္တကို အသေးစိတ် မှတ်သားပြုစုလာခဲ့ကြသည်။
ဝေဒ နက္ခတ္တပညာကို ရေးသားခဲ့သော အစောဆုံး ပညာရှင်မှာ ပီတ မဟာဖြစ်သည်။ သူသည် ပီတ မဟာ သိဒ္ဒန္တ (Pita Maha Siddhanta) ခေါ် ကျမ်းကို ပြုစုခဲ့ပြီး ယနေ့တိုင် ယင်းမူများကို တွေ့နိုင်သည်။ ပီတ မဟာသည် ထိုကျမ်းကို ဘီစီ ၃၀ဝ၀ ခန့်တွင် ရေးသားပြုစုခဲ့သည်။ နောင် အနှစ် ငါးရာ အကြာတွင် ဝါရှီသျှတြ (Vashishttha) ခေါ် နက္ခတ္တပညာရှင် ပေါ်ပေါက်လာပြီး နက္ခတ္တဗေဒ (Astronomy)၊ နက္ခတ်ဗေဒင် (Astorology)၊ ဒဿန (Pholosophy) ကျမ်းစာ အများအပြားရေးသားပြုစုခဲ့သည်။ သူ၏ အရေးအပါဆုံး ကျမ်းမှာ ဝါရှီသျှတြ သိဒ္ဒန္တ (Vashishttha Siddhanta) ဖြစ်သည်။
သူ၏ အခြားကျော်ကြားသော ကျမ်းများမှ ပဉ္စ သိဒ္ဒန္တကောသ၊ သူရိယ သိဒ္ဒန္တ၊ နိတျာနန္ဒ၊ ဘာရတဇာတက၊ အရိယဘာတ၊ မံသဂါရိ၊ ရန္နဝီရနှင့် လဂဟု ပရသျှာရတို့ ဖြစ်သည်။ အီး.အမ်.ပလန်ကက် (E.M.Plunkett) က သူ၏ “ရှေးဟောင်း မှတ်တမ်းနှင့် ပုဂ္ဂိုလ်ကျော်များ” စာအုပ်တွင် “ခရစ်နှစ်အစ ဂရိကျမ်းများကို အိန္ဒိယ နက္ခတ္တဗေဒက များစွာအထောက်အကူ ပြုခဲ့ဟန်ရှိသည်၊ ဖီလိုစထရေးတပ်စ် (Philostratus) ရေးသားခဲ့သော ဂရိဒဿနဆရာ၊ နက္ခတ္တဆရာ ‘အပိုလိုနီးယပ်၏ ဘဝ’ ကျမ်းတွင် အပိုလိုနီးယပ်စ်သည် နက္ခတ္တဗေဒနှင့် နက္ခတ်ဗေဒင်ကို အိန္ဒိယ သူတော်စင်များထံ၌ လေ့လာသင်ယူခဲ့သည်” ဟု ဖော်ပြထားသည်။
ကိုင်ရိုကဲ့သို့ပင် ကျော်ကြားသော ကောင့် လူးဝစ် ဟာမွန် (Count Louis Hamon) က သူ၏ “သင်နှင့် သင့်လက္ခဏာ” အမည်ရှိစာအုပ်တွင် “ရှေးလူတို့၏ ဉာဏ်ပညာကို အထင်သေးသူတို့သည် ရှေးအိန္ဒိမှ မြင့်မြတ်သော ပုဂ္ဂိုလ်များနှင့် ဒဿန ပညာရပ်များကို မမေ့နေကြ၍ဖြစ်သည်။ ယင်းတို့ကို ယနေ့ယဉ်ကျေးမှုများက မလှန်နိုင်သေးပေ၊ လက်ခံနေရသည်သာ။ ယင်းတို့ ထုတ်ခဲ့သော သီအိုရီများကို ယနေ့ နက္ခတ်ပညာရှင်များ အံ့ဩကြရသည်။ ခေတ်သစ်တွင် နောက်ဆုံးပေါ် ပစ္စည်းများသုံး၍ လေ့လာ ကြည့်သည့်တိုင် ရှေးပညာရှိတို့၏ တွေ့ရှိမှုကို မကျော်နိုင်သေး။ အိန္ဒိယရှေးပညာရှိတို့ မည်သို့ရှာဖွေ ကြံဆခဲ့သည်ဆိုသည်မှာ အထူးအဆန်းဖြစ်နေသေးသည်” ဟု ရေးခဲ့သည်။
တရုတ်
အိန္ဒိယနိုင်ငံ၏ ဝေဒကျမ်းဂန်များမှတပါး ရှေးအကျဆုံးသော နက္ခတ်ဗေဒင် ပညာရပ်များကို တရုတ်နိုင်ငံတွင် တွေ့ရှိရသည်။ တရုတ်တို့သည် အိန္ဒိယမှ ဟိန္ဒူများကဲ့သို့ပင် ကျမ်းဂန်များကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ စေ့စပ်သေချာမှု ရှိသည်။
ချေလ်ဒီယာ (Chaldea)
ချေလ်ဒီယာဆိုသည်မှာ ဘေဘီလုံတို့ ကြီးစိုးခဲ့သော ဒေသဖြစ်ပြီး ယခုခေတ် အီရတ် တောင်ပိုင်းဘက် ဒေသဖြစ်သည်။ ချေလ်ဒီယာမှ နှောင်းပိုင်း နက္ခတ်ဗေဒင် ပညာရှင်များက ဘီစီ ၃၀ဝ၀ က ပေါ်ခဲ့သော ပညာရှင် ဘီရိုဆပ် (Berosus) အကြောင်းကို ရေးသားမှတ်တမ်းတင်ခဲ့ကြသော်လည်း ဘီရိုဆပ်၏ ကျမ်းဂန်အစစ်အမှန်များကို တွေ့ရန်ခက်သည်။ သို့သော် ရှေးခေတ် ချေလ်ဒီယာသားများသည် နက္ခတ်ဗေဒင် ကို သုံးစွဲခဲ့ကြသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ဂရိနှင့် ရောမတို့၏ နက္ခတ်ဗေဒင်သည် ၎င်းတို့ထံမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။
ဘေဘီလုံ (Babylon)
ဘေဘီလုံတို့ နက္ခတ်ဗေဒင်ကို အသုံးပြုခဲ့ကြောင်း ခြေရာခံ၍ ရသည်မှာ ဘီစီ ၂၅၀ဝ ခန့်က ဖြစ်သည်။ သို့သော် ဘေဘီလုံသားတို့ ရေးသားခဲ့သော ကျမ်းဂန်အထောက်အထားများကို မတွေ့ရှိရပေ။
အီဂျစ်
အီဂျစ်တို့သည် နက္ခတ်ဗေဒင်ကို နားလည် အသုံးချခဲ့သည်မှာ ခရစ်တော် မပေါ်မီ နှစ်ထောင်ပေါင်းများစွာကပင် ဖြစ်ကြောင်း အထောက်အထားတွေ့ရသည်။ ရှေးအကျဆုံးသော အီဂျစ် နက္ခတ်ဗေဒင်ပညာရှင်များမှာ ဘီစီ ၈၀ဝ ခန့်က နီဆပ်ပဆို (Nicepsos) အုပ်စိုးစဉ်ကာလက ဘုန်းတော်ကြီး ပီတိုဆီရစ် (Petosiris) ဟု သိရသည်။ ပီတိုဆီရစ်သည် နက္ခတ်ဗေဒင်ကျမ်းဂန်များ ရေးမရေး မသိရပေ။ အထောက်အထားလည်း မတွေ့ရပေ။
ယနေ့တိုင် တွေ့ရှိနိုင်သော နက္ခတ်ဗေဒင်ကျမ်းများကို ရေးခဲ့သူ အစောဆုံး အီဂျစ် နက္ခတ္တပညာရှင်မှာ ကလော်ဒီယပ်စ် တိုလမီ (Claudius Ptolemy) ဖြစ်သည်။ ယနေ့ အနောက်နိုင်ငံ၏ ခေတ်သစ် နက္ခတ်ဗေဒင်သည် တိုလမီ၏ ကျမ်းများကို အခြေခံသည်။ တိုလမီကို အီဂျစ်နိုင်ငံ၊ ပယ်လူဆီယမ် (Pelusium) မြို့၌ မွေးဖွားပြီး အလက်ဇန်းဒရီးယား ကျောင်းတော်၌ ပညာသင်သည်။ ယနေ့ခေတ်အထိ တည်ရှိနေသော နည်းနာများထဲမှ အမှားများမှာ ယင်း၏ တက်ထရာ ဘိုင်လော့ (Tetrabilos) ကျမ်းကြောင့်ဖြစ်သည်။
ပါရှား (Persia)
ရှေးအကျဆုံး ပါရှန် နက္ခတ်ဗေဒင်ပညာရှင်မှာ အယ်လ် ဟာကင်မ် (Al Hakim) ဖြစ်သည်။ ဒါရီယပ်စ် (Darius) ခေတ်တွင် ကျော်ကြားသော နက္ခတ္တပညာရှင်ဖြစ်သည်။ အယ်လ် ဟာကင်မ်သည် ကျမ်းများစွာ ရေးသားခဲ့ပြီး နှောင်းလူတို့ အများဆုံး ဖော်ပြကိုးကားသည့်ကျမ်းမှာ ဂျူဒီရှာ ဂီမာစပီယာ (Judicia Gimaspia) ဖြစ်သည်။ အယ်လ် ဟာကင်မ်၏ ကျမ်းအများစုမှာ ပျောက်ပျက်ကုန်သည်။ သို့သော် အံ့ဖွယ် ဟောကိန်းများကြောင့် အယ်လ် ဟာကင်မ်သည် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏ အထင်ရှားဆုံးဟောကိန်းမှာ ယေရှုမွေးဖွားမည့်အကြောင်း ဖြစ်သည်။
အာရေဗျ
နက္ခတ်ဗေဒင်တွင် အာရပ်များသည် ထူးချွန်ထက်မြက်သူများဖြစ်ကြသည်။ အာရေဗျသည် နက္ခတ္တပညာရှင် အကျော်အမော်များ ထွက်ပေါ်ရာဒေသဖြစ်သည်။ သူတို့၏ ကျမ်းစာ၊ ပညာများသည် ဂရိနှင့် ရောမမှတဆင့် အနောက်နိုင်ငံများအထိ ရောက်သည်။ သို့သော် ယခုအခါ တစွန်းတစသာ တွေ့ရှိရသည်။ ထိုထိန်းသိမ်းထားသော တစွန်းတစများသည်ပင် အာရပ်တို့၏ နက္ခတ္တဗေဒ အဆင့်မြင့်ကြောင်း သက်သေအထောက်များ ဖြစ်ကြသည်။ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြသော လူမျိုးများဖြစ်၍ ကျမ်းဂန်အထောက်အထား [၁][၂]
မည်သည်ကို အသုံးပြု၍ ဟောသနည်း?
ဗေဒင်ပညာဆိုရာ၌ မြေပြင်နှင့် အာကာသ ကောင်းကင်တွင် ဖြစ်ပေါ်လာသမျှသော တိနမိတ်နှင့်တကွ ဂြိုဟ်နက္ခတ်တာရာတို့၏ အထွန်း-အညှိုး-အငုပ်-အပေါ်၊ ကြယ်ကြွေခြင်း၊ နေကြတ်ခြင်းနှင့် လကြတ်ခြင်း၊ တိမ်တောက်ခြင်း၊ ဥက္ကာပျံခြင်း၊ ကြယ်တံခွန်ပေါ်ခြင်း၊ ဂြိုဟ်ပူးဂြိုဟ်မြင်ခြင်း မှစ၍ ဖြစ်ပေါ်လာသမျှသော တိတ်နိမိတ်များကို အခြေခံပြု၍ ဟောဆိုရသော ပညာတရပ် ဖြစ်သည်။ ဖွားသက္ကရာဇ်နှင့် အသက်ကို တည်လျက် ၇ခု၊ ၈ ခု၊ ၁၂ ခုစား၍ အကြွင်းဂဏန်းသင်္ချာအရ တီထွင်သော ဟောနည်းများမှ အစ အချိန်နာရီကို မူတည်၍ဟောသော ဟူးရားဗေဒင်၊ ကာလကြီး ဗေဒင်၊ ဂဏန်းဗေဒင်၊ မွေးဖွားချိန်အရ ကောင်းကင် ၁၂ ရာသီဂြိုဟ်၊ လဂ်၊ စန်းတို့ကို ကြည်၍ ဟောဆိုသော ဗေဒင်ဟူ၍ အမျိုးမျိုးရှိသည်။ သို့သော် မွေးဖွားချိန်တွင် တွက်ယူရရှိသည့် ကောင်းကင် ၁၂ ရာသီဂြိုဟ်ခွင်၏ အလားအလာကို စစ်ဆေးဟောပြော ဗေဒင်ပညာသည် သဘာဝ ယုတ္တိရှိပေသည်။
ဂြိုဟ်၊ နက္ခတ်တာရာများ နှင့် ၎င်းတို့၏ သက်ရောက်မှုများ
ဂြိုဟ်နက္ခတ်ကြယ်တာရာတို့သည် သက်ရှိသက်မဲ့၊ ခပ်သိမ်းအပေါ်တွင် သက်ဆိုင်ရာ သဘာဝအစွမ်းသတ္တိ အရှိန်အဝါဖြင့် လွှမ်းမိုး ချုပ်ချယ်နိုင်သည်ဟု ရှေးပညာရှင်တို့ ယူဆခဲ့ကြသည်။ ဥပမာ-တနင်္ဂနွေဂြိုဟ်ဟု ခေါ်ဆိုသည့် အပူဓာတ်ကို ပေးဆောင်နိုင်သော နေမင်းကို အမှီပြု၍သာ သက်ရှိသက်မဲ့တို့သည် သန်စွမ်းကြီးထွားလာရသည်။ နေမရှိလျှင် သက်ရှိသက်မဲအားလုံး သေကျေပျက်ပြုန်း သွားကြလိမ့်မည်။ နေ၏ အလင်းဓာတ်ကြောင့် စိတ်ဓာတ်တက်ကြွကာ ရဲစွမ်းသတ္တိ ရှိရသည်။ အမှောင်ဓာတ်ကို သက်ရှိသက်မဲ့တို့သည် အစဉ်ထာဝရ မလိုလားကြချေ။ ဤသဘောကို ဆင်ခြင်လျှင် နေမင်းတည်းဟူသော တနင်္ဂနွေဂြိုဟ်သည် သက်ရှိသက်မဲ့တို့၏ အသက်သခင်ဖြစ်သည်နှင့် အညီ အဘယ်မျှ အင်အားပေးနိုင်သည်ကို ရိပ်စားမိသင့်သည်။ အသက်ဝိဉာဉ်၊ အဖ၊ မာန၊ အလုပ်အကိုင်၊ ရာထူး ဂုဏ်ထူးကို အစိုးရ၏။ ထို့အတူ တနင်္လာ (ခေါ်) လမင်းသည် ဂြိုဟ်အဖြစ်ဖြင့် သူ၏ သဘာဝကို ပေးစွမ်းနိုင်သည်။ သတ္တဝါတို့သည် အေးမြကြည်လင်လှသော လရောင်ကို မြင်ရသောအခါ စိတ်ပျော်ရွှင်လန်း ကြည်နူးလေ့ ရှိကြသည်။ အအေးဓာတ်၊ အမိ၊ စိတ်၊ ငွေရတနာ စသည်တို့ကို အစိုးရ၏။ ထိုအတူ အင်္ဂါဂြိုဟ်နီသည် မိမိ၏ သွေးနီရောင် သဘာဝအတိုင်း အစွမ်းသတ္တိ၊ အရည်အချင်း၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လ၊ စွန့်စားမှု၊ သတ်ဝံ့ဖြတ်ဝံ့သော စိတ်၊ ခိုက်ရန်ဒေါသစိတ်၊ ဘေးရန် ပဋိပက္ခမှု၊ စစ်မက်၊ ကျေးကျွန်၊ လင်ယောက်ျားကို အစိုးရသည်။ ဗုဒ္ဓဟူးဂြိုဟ်စိမ်းသည် အသိဉာဏ်၊ သားသမီး၊ အတတ်ပညာတို့ကို အစိုးရသည်။ ကြာသပတေးဂြိုဟ်ဝါသည် ပညာဉာဏ်၊ ငွေကြေးဥစ္စာဓန၊ အကျင့်စာရိတ္တ၊ ဘာသာ၊ အယူဝါဒ၊ မိတ်ဆွေ၊ ဆရာ စသည်တို့ကို ဖန်တီးပေးနိုင်သည်။ သောကြာဂြိုဟ်သည် သူ၏ ထွန်းတောက်သော အလင်းရောင်ဓာတ်အားဖြင့် ကာမရာဂ၊ အချစ်ရေး၊ ပျော်ရွှင်မြူးထူးခြင်း၊ မိန်းမ၊ မယား၊ ဂုဏ်ပကာသန၊ ထင်ပေါ်ကျောင်စောခြင်း အစရှိသည်တို့ကို စွမ်းဆောင်ပေးနိုင်သည်။ စနေဂြိုဟ်မွဲ ဂြိုဟ်ပြာကား ဆင်းရဲဒုက္ခ၊ အနှောင့်အယှက်၊ အချိန်နှောင့်နှေး ကြန့်ကြာခြင်း၊ ဆွေမျိုးသားချင်း၊ တွေဝေမိန်းမောခြင်း အစရှိသည်တို့ကို ဖြစ်စေတတ်သည်။ ရာဟုနှင့် ကိတ်အမှောင်ဂြိုဟ်တို့သည် ကောင်းကင်မှာ ဂြိုဟ်ကိုယ်ဒြဗ်နှင့် အထင်အရှား မရှိစေကာမူ နေကြတ် လကြတ်ကို ဖန်တီးပေးနိုင်သော အစွမ်းသတ္တိကြောင့် အမှောင်လောကနှင့်တကွ ထူးခြားဆန်းကြယ်သော အကျိုးအပြစ်၊ ခြေလေးချောင်းတိရစ္ဆာန် စသည်တို့ကို အစိုးရသည်။ ဤဂြိုဟ် ၉ လုံးအပြင် ထပ်မံ တွေ့ရှိရသော ယူရေးနပ်၊ နက်ပကျွန်း၊ ပလူတိုဂြိုဟ်တို့ကိုလည်း ယခုအခါ ထည့်သွင်းဟောပြောကြသည်။ အဿဝဏီနက္ခတ်အစ ရေဝတီနက္ခတ် အဆုံးနက္ခ ၂၇ လုံးသည်လည်း သူ့သဘာဝနှင့် သူ့သဘာဝနှင့် သူ ဖန်တီးပေးနိုင်ပေသည်။ ရှေးပညာရှင်တို့သည် ဤသဘာဝများကို နှစ်ပေါင်းများစွာ လက်တွေ့လေ့လာပြီးမှသာ ယူဆဟောဆိုကြခြင်း ဖြစ်သည်။ တွက်ရိုးသင်္ချာအရ အာကာသကောင်းကင်ကို စက်ဝိုင်းသဖွယ်ရှိသော ၁၂ ရာသီစက် တည်ဆောင်ချက် မိဿ-ပြိဿ-မေထုန် စသည်ဖြင့် အမည်ပေးထားသည်။ ထို့ပြင် ၁၂ ရာသီစက်ကို တနင်္ဂနွေဂြိုဟ် နေမင်းနှင့် တနင်္လာဂြိုဟ် လမင်းအတွက် ပိုင်အိမ် ၁၃စီ၊ အင်္ဂါအစ စနေအဆုံး ပဉ္စတားဂြိုဟ် ၅ လုံးအတွက် ပိုင်အိမ် ၂ အိမ်စီ သတ်မှတ်ထားသည်။ ယင်းသို့ ပိုင်အိမ်အဖြစ် ပေးထားပုံမှလည်း သဘာဝကျလျက် စိတ်ဝင်စားစရာ ကောင်းလှသည်။ ပိုင်အိမ်များအဖြစ် စ-သာ-ရွှေ-ကူး-အင်း-ဝ-သူ-ဆန်-ဖြူ-တ-တင်း-ပေး ဆောင်ပုဒ်အရ မိဿရာသီမှ စ၍ လက်ဝဲရစ်အစဉ်အတိုင်း ချယူနိုင်သည်။ ကောင်းကင်တွင် သူလမ်းကြောင်းနှင့်သူ မရပ်မတည် လှည့်လည် သွားလာနေကြသော ဂြိုဟ်တို့ကို အချိန်ကာလ အားလျော်စွာ နောက်ခံနက္ခတ် ၂၇ လုံးပိုင် ၁၂ ရာသီ စက်အရ ဘယ်နေ့တွင် ဘယ်ရာသီမှာ ရှိသည်ကို တွက်ယူနိုင်သည်။ ဂြိုဟ်အားလုံးသည် ၁၂ ရာသီစက်ထဲမှာ မည်သို့မည်ပုံ တည်ရှိသည်ကို သိရပြီးနောက်၊ မွေးဖွားသော အချိန်အရ လဂ် ရာသီ အံသာ လိတ္တာ တို့ကို တွက်ချက်ယူနိုင်သည်။ လဂ်၏ ၁ တန့်သည် တနုဘာဝ၊ လဂ်၏ ၂ တန့်သည် ကုတုမ္ပဘာဝ၊ ၃ တန့်သည် သဟဇဘာဝ စသည်ဖြင့် ၁၂တန့်သည် ဗျာယဘာသအထိ၊ ဘာဝ ၁၂ ပါးကု ခွဲ၍ သတ်မှတ်ရသည်။ မည်သည့်ဂြိုဟ်သည် မည်သည့်ဘာဝတွင် ရှိသည်ကို သိရသောအခါ ဗေဒင်ကျမ်းလာ နည်းစံနစ်များအတိုင်း ဂြိုဟ်ပူး ဂြိုဟ်မြင်၊ နက္ခတ်၊ နဝင်း၊ ယုဂ် စသည်တို့ အပေါ်တွင် အခြေပြုကာ အတိတ်၊ ပစ္စုပ္ပုန်နှင့် အနာဂတ် အကျိုးအပြစ်တို့ကို တွက်ယူ ဟောဆိုနိုင်သော စခန်းသို့ ရောက်လာပေသည်။ ဤဖွားဇာတာဂြိုဟ်ခွင်သည် ဇာတာရှင်၏ တသက်တာ အကျိုးအပြစ်တို့ကို ဟောကိန်း အမျိုးမျိုးအားဖြင့် ဟောသွားနိုင်ပေသည်။
ဂြိုဟ်ခွင်
ဖွားဇာတာ ဂြိုဟ်ခွင်အရ မူလအခြေခံပါလာသော အကျိုးအပြစ်တို့ကို ကိန်းသေ ယူဆနိုင်သည်။ မင်း မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ ပညာရှိ ဖြစ်မည့် အခြေအနေ၊အိမ်ထောင်ရေး၊ ကျန်းမာရေး၊ဆင်းရဲဒုက္ခ၊ဘေးရန်၊ မိဘ၊ မွေးချင်း၊ သားသမီးအခြေအနေ စသည်တို့ကို ဘာဝ ၁၂ ပါအရ ဟောဆိုရပေသည်။ မွေးဖွားချိန်အရ ၁၂ ရာသီကောင်းကင်ကို ဓာတ်ပုံရိုက်သည့်သဖွယ် ရိုက်ပြထားသော ဂြိုဟ်ခွင်သည် ဖွားဇာတာဂြိုဟ်ခွင်ဟု အတည်ပြုရစေကာမူ ထိုထို ဂြိုဟ်တို့သည် ရပ်တည်မနေကြဘဲ သွားမြဲသွားနေသောကြောင့် ဂေါစရ ခေါ် ကောဇာဂြိုဟ်များအဖြစ်သို့ ပြောင်းလဲသွားကြပေသည်။ မည်သည့်ရာသီ မည်သည့်ဘာဝကို မည်သည့်ဂြိုဟ် စီးလျှင် မည်သို့ ဖြစ်မည်ကို ရှေ့သို့ ဆက်ပြီး အဟောထုတ်နိုင်သည်။ သို့မဟုတ် တနင်္လာဂြိုဟ်စီးယှဉ်သော စန်းစီးနက္ခတ်(စင်နက္ခတ်) အရ ဒသဟောကိန်းများနှင့် အနာဂတ် အဟောများကို ချိန်ဆ ဟောဆိုရပေသည်။ ဗေဒင်ဟောကိန်း အမျိုးမျိုး ရှိသည့်အနက် သာမန် အတိုနည်းအားဖြင့် တွက်ယူသော ကိန်းများကို သာမန်ပညာရှင်တို့ တတ်ကျွမ်းနားလည်ကြသလောက်၊ ဗေဒင် တွက်ရိုးသင်္ချာနှင့် အဟောပညာကို ပါရဂူရောက် တတ်မြောက်နားလည်ရန်မှာမူ အလွန်ခဲယဉ်းလှပေသည်။ ဗေဒင်ပညာကို ယုံကြည်ပြီးလျှင် စိတ်ဝင်စားသူများ ရှိကြသကဲ့သို့ မယုံကြည်၊ စိတ်မဝင်စားနိုင်သော လူများလည်း ရှိကြပေသည်။ မည်သို့ပင်ဖြစ်စေ ဗေဒင်ပညာကား ရှေးဟောင်း ပညာရပ် အပါအဝင် ဖြစ်ရုံမျှမက အခြေခံပညာ နည်းစနစ် ထုထည်လည်း ခိုင်ခံ့ကောင်းမွန်လှသည်။ ဂြိုဟ်သွား၊ ဂြိုဟ်လာကို ပိုင်ပိုင်နိုင်နိုင် တွက်ယူနိုင်ရန် သူရိယသိဒ္ဓန္တ၊ ဗြဟ္မာ့သိဒ္ဓန္တ၊ အရိယသိဒ္ဓန္တ၊ သိဒ္ဓန္တသီရောမဏိ အစရှိသော သိဒ္ဓန္တတွက်ရိုးကား ၁၈မျိုးကား ရှေးကပင် ရှိခဲ့သည်။ ထို့ပြင် ဂြဟလာ ၈၁ တွက်ရိုး၊ ဘာသုတိ၊ သရဝိဇ္ဇောဒယဇနမပတ္တိက၊ မြန်မာပြည်ဖြစ် မကာရန္တ၊ သံဒိဌတွက်ရိုးများလည်း ရှိကြသည်။ ခေတ်မှီ အနောက်နိုင်ငံ ဗေဒင်တွက်ရိုးသင်္ချာကျမ်းများလည်း အများအပြားပင် ရှိကြသည်။ ဗြို့ဟဇ္ဇတက၊ ဗြို့ဟဇ်သံဟိတ၊ အပ္ပဇာတက။ ထို့ပြင် ရာဇပတ္တဏ္ဍ၊ ဇာတကပါရိဇတ၊ သာရာဝလိ-ဇာတကဒေသမဂ္ဂ။ ပြဿနာမဂ္ဂ။ ဖလဒီပိကာ။ ဥတ္တရကာလ အမြိတ္တ၊ ဟောရရတနာ။ သဗ္ဗတ္တစိန္တာမဏိ၊ ဘာဝ ရတနာကရ၊ ဇာတကတတွာ၊ ဇောတိသတ္တသိင်္ဃဗောဓ၊ ဇာတကလင်္ကာရ ဇာတကစန္ဒရိယဗရရုဍိ၊ ဗရကောဌိ၊ သင်္ကေတနီတိ အစရှိသော ရှေးဟောင်း သင်္ကကရိုဋ်ဗေဒင်ကျမ်းများသာမက ခေတ်ပေါ် အနောက်နိုင်ငံ ဗေဒင်ကျမ်းများလည်း အများအပြားပင် ရှိကြသည်။ [၃]
ကိုးကား
- ↑ ရရန်ခက်သည်။http://mmfreethinker.wordpress.com/2011/04/26/a-brief-history-of-astrology/#more-2622
- ↑ A Brief History of Astrology
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ-၈၊ အပိုင်း-ခ၊ နှာ-၂၄
အခြားအကြောင်းအရာများ
- နေ့နံအကြောင်း သိမှတ်စရာများ
- မဟာဘုတ်
- ဇာတာ
- ဂဏန်းဗေဒင်
- နေ့နံ
- လက်ခဏာဗေဒင်
- အိပ်မက်ဗေဒင်
- တရုတ် ၁၂ရာသီဖွား
- ဂရိ ၁၂ရာသီဖွား
- မုဆိုးရွှေအိုးရကိန်း
- စိတ်ကျမ်း
- ရုပ်ကျမ်း
- မှည့်ကျမ်း
- တားရော့ဗေဒင်
- နကခတ်
- ဝိဇာကျမ်း
နိုင်ငံတကာသုံးဗေဒင်ပညာ
- ဖုန်းရွှေ
- တားရော့